ကံဆိုသည်မှာ ရုပ်နမ်ဓမ္မ သမူဟသာဖြစ်သော လူသား၏ ကာယ၊ ၀ါစာ၊ မန အမူအရာ လုပ်အား ဖြစ်ပေသည်။
ကျွန်ုပ်တို့ သည် သက်ရှိလူသား တစ်ဦးစီအား စူးစူးစိုက်စိုက်ဥာဏ်ဖြင့် နှိုက်၍ ကြည့်ရှုဆင်ခြင်ပါမူ သူသည် သူ၏ ကိုယ်ကာယဖြင့်လည်း အလုပ်လုပ်နေသည်။ နှုတ်ဝစီဖြင့်လည်း ပြောဆိုနေသည်။ ကိုယ်လက်အမူအရာနှင့် ခံတွင်းမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း အတွင်းစိတ်နှင့် ကျိတ်မှိတ်ကာ စိတ်သက်သက်ဖြင့်လည်း ကြံစည်လုပ်ကိုင်နေတတ်သည်။ ဤသို့ သော မူမှန်သဘာဝတို့ ကို အမှန်အတိုင်း သိမြင်ကြရပေမည်။ ထို ကာယ၊ ၀ါစာ၊ မန အမူအရာများကို ဖယ်ရှားကြည့်လျှင် လူသားတို့ ကို "အသုဘ" အနေဖြင့်သာ တွေ့ ရပေမည်။
ထို ကာယ၊ ၀ါစာ၊ မန အမူအရာ အလုပ်တို့ ကို ပါဠိဘာသာအားဖြင့် ဝေါဟာရတပ်ဆင်သောအခါ-
*ကာယ ကမ္မ= ကာယကံ= ကိုယ်အမူအရာဖြင့် ပြုလုပ်မှု။
*၀စီ ကမ္မ= ၀စီကံ= စကားဖြင့် ပြုလုပ်ဆောင်ရွက်မှု။
*မနော ကမ္မ= မနောကံ= အတွင်းစိတ်သက်သက်ဖြင့် အတွင်းကျိတ် ကြံစည်ပြုလုပ်မှု။
ကံနှင့် လူသားသည် တခြားစီ မဟုတ်၊ ကံဟူသည် လူသား၏ စွမ်းရည်တစ်မျိုးသာ ဖြစ်ကြောင်း သဘောပေါက်ရပေမည်။ အချို့ သော သူများသည် ကံကြမ္မာသည် သီးသီးသန့် သန့်  ရှိနေသလို အထင်အမှတ်မှားနေကြသည်။ "အတ္တ" ရှိသည်ဟု ထင်သကဲ့ သို့  ဖြစ်ပါသည်။ ကံသည် တစ်နည်းအားဖြင့် ဆိုလျှင် စေတနာသာ ဖြစ်ပါသည်။ 'ကမ္မသတ္တိ၏ စွမ်းရည်သည် မည်သည့်အဆင့်ရောက်မှ အကျိုးဖြစ်ထွန်းလာသည်။ မိမိတွင် ဘယ်သို့ သော ကမ္မသတ္တိရှိနေသည်' ကို အတပ်မသိရှိဘဲ ' ရှေးအတိတ်ကံကို ယုံပြီး စောင်ခြုံအိပ်နေမည်၊ ပျော့စိစိ ဆုတ်ဆုတ် နစ်နစ် ဖြစ်နေမည်' ဆိုပါက ရှေူးအကြောင်းကံရှိမှ ချမ်းသာမည်ဟု ကံတစ်ခုတည်း စွဲယူမှုမျိုး ဖြစ်၍ ကျွန်တော်တို့ ၏ ဗုဒ္ဓလမ်းစဉ်မှ သွေဖည်နေပြီဟု နားလည်ရပေမည်။ ဖြစ်သမျှ ရှေးအတိတ်ကံလက်ချက်ဟု ပုံမချရ၊ အတိတ်နှင့် ပစ္စုပ္ပန် ပေါင်းစပ်ယူရသည်။ အတိတ်ကံ နှင့် ပစ္စုပ္ပန်ကံ တို့ ကို ပေါင်းစပ်ယူရသည်။ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံပေါင်းစပ်ပြီး လက်ရှိဘ၀ ကောင်းကျိုးကို ရှာရမည် ဖြစ်သည်။ အနာဂတ်ကောင်းကျိုးကို ထူထောင်ရမည် ဖြစ်ပါသည်။
လူတိုင်း၌ "ကံ၊ ဥာဏ်၊ ၀ီရိယ" သုံးမျိုးရှိသည်။ "ဥာဏ်၊ ၀ီရိယ" တို့ နှင့်ပတ်သက်၍ ပြဿနာ မပေါ်သေးချေ။ လူတိုင်းက လက်ခံကြသည်။ "ကံ" နှင့် စပ်လျဉ်း လာလျှင် ကံ မရှိဟု ဆိုသူကဆို၊ ကံ ကိုမယုံဟု ပြောသူကပြော အမျိုးမျိုးပင်တွေ့ ရပေမည်။
ကံမရှိဘူးဟု သတ်မှတ်ကြသူ၊ ကံကိုမယုံသူ များသည် မိမိအခြေအနေ မိမိ၏အပြုအမူကို မသုံးသပ် မဆင်ခြင်မိကြသဖြင့် မိမိကိုယ်ကို ပြန်လည်ဆန့် ကျင်မိကြသူများသာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် မိမိတို့  မယုံဘူးဆိုသည့် ကံကိုပင် နေ့ စဉ် နေ့ တိုင်း ပြုလုပ်နေကြသောကြောင့် ဖြစ်ပါသည်။
ပါဠိဘာသာ 'ကမ္မ' မှ 'ကံ' ဟူသော မြန်မာဝေါဟာရ ဖြစ်လာသည်။ အဓိပ္ပါယ်မှာ အလုပ် ဖြစ်ပါသည်။ မိမိလုပ်နေသော အလုပ်သည်ပင် မိမိ၏ ကံ ဖြစ်ပါသည်။ နေ့ စဉ်လုပ်ရှားနေကြသော လောက လူသားတိုင်းသည် မည်သူမဆို အလုပ်နှင့် ကင်းနိုင်ကြမည် မဟုတ်ပါ။ စားဝတ်နေရေး ပြေလည်မှုအတွက် နေထွက်သည်မှ နေ၀င်သည်အထိ ရုန်းကန်လှုပ်ရှားနေကြရသူများချည်း သာ ဖြစ်ကြသည်။

0 comments:
Post a Comment