"အမြင်"

မိမိတို့ ပတ်ဝန်းကျင်ရှိ လူများကို အမြင်ကောင်းများဖြင့် ကြည့်တတ်နိုင်လျှင် ထိုပတ်ဝန်းကျင်သည် ပျော်ရွှင်ဖွယ်ကောင်းသော၊ ငြိမ်းချမ်းသော ပတ်ဝန်းကျင်ဖြစ်မည်မှာ ဧကန်မလွဲနိုင်ပါ။
ထိုကဲ့ သို့ ပျော်မွေ့ ဖွယ်ကောင်းသော၊ ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကို တည်ထောင်နိုင်ရန် လူသည် ပဓာန အကျဆုံးဖြစ်သည်။ လူကိုလူလို မြင်တတ်အောင် ကြည့်ရှုတတ်ရန် အလွန်အရေးကြီးပါသည်။ ကြည့်နိုင်ရန် ဆိုသည်မှာ "ဗြဟ္မစိုရ်"မျက်စိရှိမှ ကြည့်ရှုနိုင်မည်ဖြစ်သည်။ ဗြဟ္မစိုရ်မျက်စိမရှိလျှင် လူကိုလူလိုမမြင်နိုင်တော့ဘဲ ဆင်းရဲသူ၊ ချမ်းသာသူ၊ ရုပ်ဆိုးသူ၊ ရုပ်ချောသူ ဟုမြင်တတ်ပါသည်။ ဤအမြင်များကို "ပပဉ္စ"မျက်စိဖြင့် ကြည့်၍ မြင်သော အမြင်များ ဖြစ်ကြပါသည်။ "ပပဉ္စ"ဟူသည်မှာ တဏှာ၊ မာနနှင့် ဒိဋ္ဌိ များ၏ အမည်များဖြစ်သည်။ ထို့ ကြောင့် လူတို့ သည် လူများကို အတ္တမျက်စိဖြင့် ကြည့်ပြီး အတ္တအမြင်များဖြင့် ဆောင်ရွက်နေသမျှ ကာလပတ်လုံး ထိုလူတို့ ၏ ပတ်ဝန်းကျင်သည် ပျော် ရွှင်ဖွယ်ကောင်းသော၊ ငြိမ်းချမ်းသော ပတ်ဝန်းကျင် ဖြစ်လာနိုင်မည် မဟုတ်တော့ပါ။ ပျော်ရွှင်ဖွယ်ကောင်းသော၊ ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကို တည်ထောင်နိုင်ရန်၊ လူများကို အကောင်းအမြင်များဖြင့် ကြည့်ရှုနိုင်ရန် အမြင် (၃) မျိုးရှိပါသည်။ ထိုအမြင်များမှာ-

၁။ သမာဓိဉာဏ် မျက်စိဖြင့်ကြည့်သော အမြင်၊

၂။ ၀ိပဿနာဉာဏ် မျက်စိဖြင့်ကြည့်သော အမြင်၊

၃။ မဂ်ဉာဏ် မျက်စိဖြင့်ကြည့်သော အမြင်၊


-လူများကို သမာဓိဉာဏ် မျက်စိဖြင့်ကြည့်သောအခါ လူကိုလူအဖြစ် မမြင်တော့၊ သတ္တ၀ါအဖြစ်လည်း မမြင်တော့၊ ဒြပ်ဝတ္ထုအနေဖြင့်လည်း မမြင်တော့ဘဲ ရုပ်နှင့်နာမ် (သို့ ) ခန္ဓာ အဖြစ်တာ မြင်တော့သည်။ ဤစစ်မှန်သော သဘောကို ပပဉ္စ မျက်စိဖြင့်လည်း မမြင်နိုင်၊ ဗြဟ္မစိုရ်မျက်စိဖြင့်လည်း မမြင်နိုင်၊ မဂ်ဉာဏ် မျက်စိဖြင့်သာ မြင်နိုင်သည်။

-နောက်တစ်မျိုးဖြစ်သော ၀ိပဿနာဉာဏ် မျက်စိဖြင့်ကြည့်သောအခါ လူကို လူကိုလူအဖြစ် မမြင်တော့၊ သတ္တ၀ါအဖြစ်လည်း မမြင်တော့၊ ဒြပ်ဝတ္ထုအနေဖြင့်လည်း မမြင်၊ ရုပ်နှင့်နာမ် (သို့ ) ခန္ဓာ အဖြစ်လည်းမမြင်တော့ဘဲ ဖြစ်ပျက် ကိုသာမြင်တော့သည်။ ဖြစ်ပျက်ကို မြင်သည်နှင့် မြင်သူ၏ စိတ်တွင် လောဘနှင့်မောဟ နည်းပါလာပြီး စစ်မှန်သောချမ်းသာများသည်လည်း ရှေးကထက် ပို၍ ထင်ရှာလာပါသည်။

-နောက်ဆုံးအမြင်ဖြစ်သော မဂ်ဉာဏ် မျက်စိဖြင့်ကြည့်သောအခါ လူကို လူကိုလူအဖြစ် မမြင်တော့၊ သတ္တ၀ါအဖြစ်လည်း မမြင်တော့၊ ဒြပ်ဝတ္ထုအနေဖြင့်လည်း မမြင်၊ ရုပ်နှင့်နာမ် (သို့ ) ခန္ဓာ အဖြစ်လည်းမမြင်၊ ဖြစ်ပျက်ကိုလည်း မမြင်တော့ပါ။ ဖြစ်ပျက်များ ကုန်ဆုံးရာ နိဗ္ဗာန် ကိုသာ မြင်တော့သည်။ နိဗ္ဗာန်ကို မြင်သည်နှင့် တဏှာ(သမုဒယ သစ္စာ) သည်လည်း ချုပ်ငြိမ်းပါသည်။
နိဗ္ဗာန်သို့  ဦးတည်နိုင်ကြပါစေ.......

0 comments:

 

‘တရားတော်များ’

Powered by Blogger.